Rudiments & Theory of Music (4)

ကိုဟယ်ရီလွင်ရဲ့ Blog ကနေကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်

Middle C နှင့် Leger Line များ
ဗဟုသုတအနေနဲ့ပြောရရင်တော့ G Clef နဲ့ F Clef ၂ခုလုံးဟာ အင်္ဂလိပ်အက္ခရာ G နဲ့ F ကို Staff ပေါ်မှာ တင်ရေးရင်းနဲ့ အခုလို သင်္ကေတတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာတယ် ဆိုတာပါပဲ။
အခု Clef နှစ်ခုလုံးရဲ့ Line နဲ့ Space တွေမှာ ရှိတဲ့ အသံတွေကို သိပြီးတဲ့အခါ အဲဒီ Clef (၂) ခုလုံးရဲ့ အပြင်ဖက်မှာရှိတဲ့ အသံတွေကို ကြည့်ကြပါမယ်။


G Clef ရဲ့ အောက်ဆုံး Line ပေါ်မှာ ရှိတဲ့ အသံဟာ E ဖြစ်ပါတယ်။ ဒီတော့ သူ့ထက် Note တခု နိမ့်မယ့် အသံဟာ D ဖြစ်ရပါမယ်။ E ဟာ Line ဖြစ်လို့ D ဟာ Space Note ဖြစ်ရပါမယ်။ အဲဒီတော့ အောက်ဆုံးလိုင်းရဲ့ အောက်ကပ်လျက် (လိုင်းပေါ်ကို မတင်ဘဲ) ရေးလိုက်ရင် D ကို ရမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
အဲဒီ D ကနေ Note တခု ဆက်နိမ့်ရေးချင်ရင် C ကို ရမှာဖြစ်ပါတယ်။ D ဟာ Space Note ဖြစ်လို့ C ဟာ Line Note ဖြစ်ရပါမယ်။ ဒါပေမယ့် Staff တခုမှာ Line က (၅) လိုင်းပဲရှိတော့ သူ့အပြင်ဖက်မှာ Line Note ရေးချင်တဲ့အတွက် မျဉ်းတိုလေးတကြောင်း ထည့်ပြီးရေးရပါတယ်။ အဲဒီမျဉ်းတိုလေးကို Ledger Line (or) Leger Line လို့ ခေါ်ပါတယ်။ အဲဒီ C Note ကို "Middle C" လို့ခေါ်ပါတယ်။ ဒီသဘောအတိုင်းပဲ F Clef ရဲ့ အပေါ်ဆုံး Line Note A ကနေ Note နှစ်လုံး မြှင့်ယူလိုက်ရင် Line Note C ကို ရောက်လာမှာဖြစ်ပါတယ်။ ဒီ C Note ဟာလည်း Middle C ပဲဖြစ်ပါတယ်။ အဲဒီ ၂ခုလုံးဟာ အသံတသံတည်း၊ တနည်းအားဖြင့် Note တလုံးတည်း ပါပဲ။ Middle C ဟာ Frequency အားဖြင့် 256 Hz ရှိပါတယ်။ Clef ကွာလို့ ရေးတဲ့နေရာ ကွာခြားသွားတာသာ ဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
ဒါကြောင့်မို့ Treble Clef နဲ့ Bass Clef ကို ပေါင်းရေးလိုက်ရင် Great Stave or Grand Staff ဆိုတဲ့ Staff အကြီးစား တခုကို ရပါတယ်။ ဒီ Staff ကြီးကို Piano အတွက် အဓိက ထားသုံးပါတယ်။ ဒီပေါ်မှာရှိတဲ့ Note တွေရဲ့ တည်ရှိပုံကို အောက်ကပုံမှာ ပြထားပါတယ်။

တကယ်တော့ Treble Clef နဲ့ Bass Clef ဆိုတာဟာ ရှေးယခင်က မရှိဘဲ Great Stave ကြီးတခုသာရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မျဉ်းကြောင်း (၁၁) ကြောင်းပါတဲ့ Staff ကြီးဖြစ်လို့ ဖတ်ရတာ မျက်စိရှုပ်ပြီး ခက်ခဲပါတယ်။ ဒါကြောင့်မို့ ဖတ်ရလွယ်အောင်ရယ်၊ တူရိယာအလိုက် လိုအပ်တဲ့ အသံတွေကိုပဲ ရေးချင်ရင် မလိုအပ်တဲ့ Line အပိုတွေ မပါချင် တာရယ်ကြောင့် အပေါ်ဆုံးမျဉ်း (၅) ကြောင်းကို Treble Clef အနေနဲ့ခွဲထုတ်ပြီး အောက်ဆုံးမျဉ်း (၅) ကြောင်းကို Bass Clef အနေနဲ့ ခွဲထုတ်ပစ်လိုက်ကြပါတယ်။ အလယ်မှာ ကျန်ခဲ့တဲ့ မျဉ်းတကြောင်းကတော့ ဘယ်မှာမှမပါဘဲ Leger Line လေး အနေနဲ့သာ Clef နှစ်ခုလုံးမှာ သုံးကြပါတယ်။ ဒါကြောင့် Great Stave ရဲ့အလယ်တည့်တည့် မျဉ်းကြောင်းပေါ်မှာ ရှိတဲ့ C Note ဖြစ်တဲ့အတွက် "Middle C" လို့ ခေါ်ဝေါ်သုံးနှုန်းကြတာဖြစ်ပါတယ်။
ဒီတော့ ဒီသဘောတရားအတိုင်းပဲ Treble Clef ရဲ့ အပေါ်ဆုံး Line Note ဖြစ်တဲ့ F Note ထက်ပိုပြီး အသံထပ်မြင့်တဲ့ Note တွေကို ရေးချင်ရင် Leger Line တွေကို သုံးပြီး ကြိုက်သလောက် ဆက်ရေးနိုင်ပါတယ်။ Middle C ထက် နိမ့်တဲ့ အသံတွေကိုလည်း Treble Clef မှာ ဒီနည်းနဲ့ရေးလို့ရပါတယ်။ Bass Clef မှာလည်း ဒီသဘောအတိုင်းပဲ ဆက်ရေးနိုင်ပါတယ်။ အောက်က ဥပမာ ပုံလေးတွေ ကို ကြည့်ပါ။
ဒီ Note တွေကို ဂီတာရဲ့ ဘယ်နေရာမှာ တီးရမယ်ဆိုတာကို သိဖို့အတွက် ဂီတာကြိုး ခြောက်ကြိုးရဲ့ လွှတ်ကြိုး (Open String) တွေရဲ့ Note တွေကို ရေးပြပါမယ်။ ဒါဆိုရင် ကျန်တဲ့ Note တွေကို ဂီတာပေါ်မှာ ရှာလို့ရမှာပါ။
သတိပြုရန်။ ။ ဂီတာအတွက် note များကို ရေးသားတဲ့အခါ အမှန်တကယ်ရှိသော အသံထက် One Octave နှိမ့်ပြီး ရေးသားထားတာဖြစ်ပါတယ်။ သူ့ အသံအမှန်အတိုင်းရေးမယ်ဆိုရင် ဂီတာရဲ့ Range မှာ ရှိတဲ့အသံတွေကြောင့် Leger Line တွေ အများကြီး ထည့်နေရမှာကို ရှောင်ကျဉ်တဲ့အနေနဲ့ ဒီလို ရေးဖို့ သတ်မှတ်ထားတာပါ။ ဆိုလိုတာက နံပါတ် (၆)ကြိုး လွှတ်သံ ရဲ့ တကယ်ထွက်တဲ့အသံဟာ တခြားတူရိယာနဲ့ တီးမယ်ဆို G-Clef ရဲ့ ပထမဆုံး (အောက်ဆုံး) မျဉ်းပေါ်မှာရေးရတဲ့ Line Note E ဖြစ်ပါတယ်။)

ဂီတာပေါ်က လက်ကွက်တွေကို အကုန်ပြဖို့ အခက်အခဲရှိတဲ့အတွက် နမူနာ အနေနဲ့ ကြိုးတကြိုးကိုပဲပြပါမယ်။ ကျန်တဲ့ကြိုးတွေပေါ်က အသံတွေကို ဒီပုံစံအတိုင်းဆက်ရှာ နိုင်ပါတယ်။
ဂီတာ လက်ကွက်တွေဟာ အောက်မှာ ပြထားတဲ့အတိုင်းကွာဝေးပါတယ်။

A - B C - D - E F - G - A ဖြစ်ပါတယ်။
တုံးတိုလေး "-" နဲ့ကြားခံပြထားတဲ့ note တွေဟာ တခုနဲတခု လက်ကွက် (၂)ကွက် ကွာဝေးပြီး ကပ်လျက် ရေးထားတဲ့ Note တွေဟာ လက်ကွက် (၁) ကွက် ကွာဝေးပါတယ်။ ဒီတော့ B နဲ့ C၊ E နဲ့ F တို့ဟာ လက်ကွက် တကွက် ပဲ ကွာပါတယ်။ ကျန်တာ တွေအားလုံး လက်ကွက် (၂)ကွက် ကွာဝေးပါတယ်။ နံပါတ် (၃) ကြိုးကို ဥပမာ ကြည့်ပါ။
နံပါတ် (၃) ကြိုးရဲ့ လွှတ်သံ (open string) ဟာ G ဖြစ်ပါတယ်။ Guitar ရဲ့ Machine Head လို့ခေါ်တဲ့ Key တွေရှိရာကနေပြီး ဂီတာအိုးဘက်ကို တိုးသွားရင် အသံမြင့်သွားပါတယ်။ G ကနေ A ကိုရှာတဲ့အခါ လက်ကွက် (၂) ကွက် ပိုမြင့်တဲ့အတွက် လွှတ်သံက 0 ကွက် ဖြစ်လို့ နောက်ထပ် (၂) ကွက် တင်လိုက်ရင် နံပါတ် (၃) ကြိုးရဲ့ ဒုတိယအကွက် (2nd fret) မှာ A ရှိပါတယ်။ A ကနေ B ကိုရှာချင်ရင်လဲ ဒီပုံစံအတိုင်း နောက်ထပ် (၂) ကွက် ထပ်တင်လိုက်ရင် နံပါတ် (၄) အကွက် (4th fret) မှာ B သံကို ရပါမယ်။ B နဲ့ C က တကွက်ပဲကွာတဲ့အတွက် နောက်ထပ် တကွက် ထပ်တက် လိုက်ရင် ၃ကြိုး ၅အကွက် (5th fret) မှာ C ရှိပါတယ်။ ဒီလိုပဲ ပြောင်းပြန်ပြန်ဆင်းရင်လည်း သဘောချင်းအတူတူပါပဲ။ ၃ကြိုး ၉အကွက် (9th fret) မှာရှိတဲ့ E ကနေ D ကိုပြန်ဆင်းချင်ရင် Machine Head ဖက်ကို (၂) ကွက် ပြန်ဆုတ်ရမှာ ဖြစ်လို့ ၃ကြိုး ၇အကွက် (7th fret) မှာ D ကိုတွေ့ပါမယ်။ အောက်ကပုံမှာ (၃)ကြိုးအတွက် နံပါတ်၁၂ ကွက်အထိ ပြထားပါတယ်။ Tablature နဲ့လည်း ပူးတွဲ ရေးပြထားပါတယ်။
ဒါလောက်ဆိုရင် ကျန်တဲ့ အလုံးတွေ၊ ကျန်တဲ့ ကြိုးတွေကို ရှာတတ်ပြီ ဖြစ်ပါလိမ့်မယ်။
ဒါဆိုရင်တော့ Staff တွေပေါ်က Note အားလုံးကို ဖတ်တတ်သွားပြီလို့ထင်ပါတယ်။ အဲဒီတော့ ဒီ Note တွေရဲ့ တန်ဖိုး (Value) ခေါ် အသံရှိန် (Duration) အကြောင်းကို ဆက်ပါမယ်။

Post a Comment

0 Comments