Rudiments & Theory of Music (3)


ကိုဟယ်ရီလွင်ရဲ့ Blog ကနေကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်

Notes များ

အခု Clef တွေကို သိပြီးတဲ့အခါ အဲဒီ သက်ဆိုင်ရာ Staff တွေပေါ်မှာ ရေးတဲ့ Notes တွေကို စကြည့်ကြပါမယ်။ အရင်ဆုံး အသုံးအများဆုံးဖြစ်တဲ့ Treble Clef (G Clef) ပေါ်က Notes တွေကို ကြည့်ကြပါမယ်။

Staff တွေပေါ်မှာ Notes တွေကို ရေးတဲ့အခါ မျဉ်းကြောင်းအပေါ်တည့်တည့်မှာ ရေးလို့ရသလို မျဉ်းကြောင်း ၂ကြောင်း ကြားမှာလဲ ရေးရပါတယ်။

မျဉ်းကြောင်းအပေါ်တည့်တည့်မှာ ရေးတဲ့ Notes တွေကို Line Notes လို့ ခေါ်ပါတယ်။ အဲဒီလိုရေးထားတဲ့ Notes တွေက အောက်ဆုံးမျဉ်းပေါ်မှာ ရေးထားတဲ့ Note ကနေ အပေါ်ဆုံးမျဉ်းကို အစဉ်အတိုင်း ဖတ်ရင် E, G, B, D, F ရယ်လို့ ဖြစ်ပါတယ်။ Every Good Boy Does Fine ရယ်လို့ အလွယ်မှတ်နိုင်ပါတယ်။

မျဉ်းကြောင်း ၂ကြောင်း ကြားက Space မှာရေးတဲ့ Notes တွေကို Space Notes လို့ ခေါ်ပါတယ်။ အဲဒီလိုရေးထားတဲ့ Notes တွေက အောက်ဆုံး Space မှာ ရေးထားတဲ့ Note ကနေ အပေါ်ဆုံး Space ကို အစဉ်အတိုင်း ဖတ်ရင် F, A, C, E ရယ်လို့ ဖြစ်ပါတယ်။ Face ရယ်လို့ပဲ အလွယ်မှတ်နိုင်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။

အဲဒီတော့ Line Notes နဲ့ Space Notes တွေကို အားလုံးပေါင်းရေးလိုက်မယ်ဆိုရင် E, F, G, A, B, C, D, E, F ဆိုပြီး အသံ (၇) သံရဲ့ အစဉ် အတိုင်း ရလာပါမယ်။ အောက်ကပုံကိုကြည့်ပါ။
ဒါကို ကြည့်ရင် အသံအစဉ်အတိုင်းတက်သွား၊ ဆင်းသွားဖို့အတွက် Line Notes နဲ့ Space Notes တလှည့်စီ ရေးရကြောင်း တွေ့နိုင်ပါတယ်။ သဘောကတော့ E က Line, ပြီးရင် F က Space ပြီးရင် G က Line ဒီလိုမျိုး တလှည့်စီ သွားတဲ့သဘောကို ဆိုလိုတာပါ။ အဲဒီတော့ B ဟာ Line ဖြစ်တဲ့အတွက် C ကိုရေးချင်ရင် သူနဲ့ကပ်လျက် Space မှာ ရေးရပါတယ်။
Staff ပေါ်မှာ Notes တွေ ရေးတဲ့အခါ Staff ရဲ့ အပေါ်ရောက်လေ အသံမြင့်လေ ဖြစ်ပါတယ်။ ဆိုလိုတာက D ဟာ A ထက် အပေါ်တလိုင်း အမြင့်မှာရေးတဲ့အတွက် အသံပိုမြင့်ပါတယ်။ ဒါကြောင့် Staff Notation ရဲ့ ရေးထားတာကို ကြည့်ရင် အသံအနိမ့်အမြင့် အတက်အကျကို အလွယ်တကူ သိနိုင်ပါတယ်။ ဒို၊ ရေ၊ မီ၊ ဖာ 1, 2, 3, 4 နဲ့ ရေးထားတဲ့ Notes တွေနဲ့ Tablature နဲ့ ရေးထားတဲ့ Notes တွေမှာ ဒီလို မမြင်နိုင်ပါဘူး။
ဒီ Notes တွေကို ကြည့်တဲ့အခါ A B C D E F G ပြီးရင် အဲဒီ အသံ Sequence အတိုင်းပဲ နောက်ထပ် အသံပိုမြင့်တဲ့ A B C D E F G တွေပဲ ထပ်လာပါတယ်။ အဲဒါကို Octave (Otava) လို့ခေါ်ပါတယ်။ အက္ခရာတူ၊ အသံတပြန်မြင့်တဲ့ Notes ဖြစ်ပါတယ်။ အသံ တသံနဲ့ တသံဟာ One Octave မြင့်သွားတိုင်း အသံလှိုင်းတုန်နှုန်း (Frequency) ၂ဆ များသွားပါတယ်။ ဥပမာ A ဆိုတဲ့ Note တခုရဲ့ Frequency ဟာ 220 Hz ရှိရင် သူ့ထက် အသံနောက်တပြန်မြင့်တဲ့ (one octave higher) A Note တခုဟာ 440 Hz ရှိမှာဖြစ်ပါတယ်။

Treble Clef (G Clef) ပေါ်က Notes တွေကို သိပြီးတဲ့အခါ Bass Clef ပေါ်က Notes တွေကိုကြည့်ရင် Line Notes တွေဟာ G B D F A ရယ်လို့ ဖြစ်ပါတယ်။ Good Boy Does Fine Always လို့ မှတ်ထားနိုင်ပါတယ်။ Space Notes တွေ ကတော့ A C E G ရယ်လို့ဖြစ်ပါတယ်။ All Cows Eat Grass လို့ မှတ်ထားနိုင်ပါတယ်။ အောက်ကပုံမှာ ကြည့်ပါ။
အဲဒီတော့ Line Notes နဲ့ Space Notes တွေကို အားလုံးပေါင်းရေးလိုက်မယ်ဆိုရင် G, A, B, C, D, E, F, G, A ဆိုပြီး အသံ (၇) သံရဲ့ အစဉ် အတိုင်း ရလာပါမယ်။ အောက်ကပုံကိုကြည့်ပါ။



Post a Comment

0 Comments