Rudiments and Theory of Music (10)


Tones and Intervals


အခု ဆက်ပြီး Tone တွေရဲ့ အကြောင်းကို ပြောမှာဖြစ်ပါတယ်။ အသံတသံနဲ့ တသံ အကွာအဝေးတွေအကြောင်းပါ။ ဒီတော့ အောက်က Definition လေးတွေကို ကြည့်လိုက်ပါ။
Note = အသံတသံအား သင်္ကေတဖြင့် ဖေါ်ပြခြင်း (symbolic expression of a sound)
Pitch = အသံတသံ၏ အနိမ့်အမြင့် မည်မျှရှိသည်ကိုဖေါ်ပြသောပမာဏ (how high or low a sound (note) is)
Tone = Pitch အကွာအဝေးခြားနားကွာခြားမှုကို ဖေါ်ပြသော ယူနစ်အတိုင်းအတာ (difference in pitch - unit)
Interval = Note နှစ်ခု အကြား ကွာခြားသော Pitch ပမာဏ (difference in pitch between two notes)
One semitone (or half-step) = အနည်းဆုံး tone ပမာဏ (smallest tone) - ဂီတာလက်ကွက်တကွက် အကွာအဝေး (S လို့ ပြပါမယ်)
Two semitones = One Whole tone (whole step) (W လို့ ပြပါမယ်)
အပေါ်မှာ ပြထားတဲ့ Note တွေဟာ Piano ပေါ်မှာကြည့်ရင် ခလုတ်အဖြူတွေအဖြစ် တွေ့ရပါမယ်။
ဒီတော့ ဥပမာအနေနဲ့ A နဲ့ B ဟာ one tone သို့မဟုတ် two semitone ကွာဝေးတဲ့အတွက် သူတို့ကြားမှာ အသံတသံ ရှိရဦးမှာဖြစ်ပါတယ်။ ဒီလိုပဲ C နဲ့ D၊ D နဲ့ E၊ F နဲ့ G၊ G နဲ့ A တို့အကြားမှာလည်း one semitone ကွာဝေးတဲ့ အသံတသံစီ ရှိနေပါတယ်။ ဒီအသံတွေဟာ Piano ပေါ်က ခလုတ် အနက်တွေပဲဖြစ်ပါတယ်။ အဲဒီ Note တွေကို ဖေါ်ပြဖို့ လိုအပ်ပါတယ်။ ဒီအခါမှာ နောက်ထပ်သင်္ကေတတွေ လိုလာပါတယ်။ သူတို့တွေကို Accidental လို့ ခေါ်ပါတယ်။

Accidentals
အဲဒီ Accidental တွေကတော့ Sharp, Flat, Natural, Double Sharp နဲ့ Double Flat တို့ပဲဖြစ်ပါတယ်။ အောက်ပါ သင်္ကေတတွေနဲ့ ပြပါတယ်။
ဒီတော့ '#' ပြထားရင် အဲဒီ note ကို အသံတဝက် (one semitone) မြှင့်တီးရပါမယ်။ ဒီလိုပဲ Double sharp ပြထားရင် အသံတသံ (two semitones or one whole tone) မြှင့်တီးရပါမယ်။ Flat 'b' ပြထားခဲ့ရင် အဲဒီ note ကို အသံတဝက် (one semitone) နှိမ့်တီးရပါမယ်။ ဒီလိုပဲ Double flat ပြထားရင် အသံတသံ (two semitones or one whole tone) နှိမ့်တီးရပါမယ်။ Sharp (သို့) Flat ပြထားတဲ့ note ကို Natural ပြန်ရေးလိုက်ရင် မူလ အသံကို ပြန်တီးရမှာ ဖြစ်ပါတယ်။ Natural Sign ဟာ Sharp (သို့) Flat "တခု" ရဲ့ Effect ကို ပြန်ဖျက်လိုက်တာပါ။ အဲဒီတော့ Double sharp နဲ့ Double flat အတွက်ဆိုရင် Natural Sign "နှစ်ခု" ပြပေးရပါမယ်။ အောက်မှာ Accidental ပါတဲ့ note တွေကို Piano keyboard ပေါ်မှာရယ်၊ ဂီတာ နံပါတ် (၂) ကြိုးပေါ်မှာရယ် ပြထားပါတယ်။ ကျန်တဲ့ကြိုးတွေကိုလည်း ဒီအတိုင်းရှာနိုင်ပါတယ်။
Staff ပေါ်မှာ Accidental တွေရေးတဲ့အခါ သက်ဆိုင်ရာ note ရဲ့ ရှေ့မှာ အမြဲရေးပါတယ်။ အဲဒါအရေးကြီးပါတယ်။ အဲဒီလို ရေးထားရင် Natural ပြန်မတွေ့မချင်း အဲဒီ note ဟာ သက်ဆိုင်ရာ Accidental တန်ဖိုးအတိုင်း ဆက်တီးရပါမယ်။ သဘောကတော့ #A လို့ရေးလိုက်တာနဲ့ Natural ပြန်မတွေ့မချင်း #A ကိုပဲတီးရပါမယ်။ A အလုံးကို မတီးရပါဘူး။ ဒီ Accidental Sign တွေဟာ -
၁။ ဘားတဘားအတွင်း (within one measure) မှာပဲအကျုံးဝင်ပါတယ်။ (နောက်ဘားကိုပြောင်းသွားရင်တော့ ပုံမှန်အသံပြန်ဖြစ်သွားပါပြီ။ Accidental မရှိတော့ပါဘူး)။ ဘားတဘားအတွင်းမှာ အဲဒီ Accidental ကို ဖျက်ချင်ရင် Natural ပြန်ရေးပေးရပါမယ်။
၂။ Same Pitch အတွက်ပဲ အကျုံးဝင်ပါတယ်။ Octave တွေအတွက် အကျုံးမဝင်ပါဘူး။ ဆိုလိုတာက Middle C မှာ ရေးထားတဲ့ Accidental တခုဟာ သူ့ထက် one octave မြင့်တဲ့ Space C အတွက် အကျုံးမဝင်ပါဘူး။
၃။ Note တခုအတွက် Accidental နောက်အသစ် တခုထပ်ရေးလိုက်တာနဲ့ အဟောင်းဟာ အလိုလို ပယ်ဖျက်ပြီး ဖြစ်သွားပါတယ်။
အပေါ်ကပုံမှာ ဆိုရင် B Double Flat ပထမရေးထားပါတယ်။ အဲဒီနောက် B Flat ရေးချင်တဲ့အခါ Flat တလုံး ပြန်ရေးလိုက်ရင် မူလ Double Flat ဟာ အလိုလိုပျက်ပြယ်သွားပြီး Single Flat ပဲ ဖြစ်သွားပါတယ် (မျှား အနီရောင်ကို ကြည့်ပါ)။ အဲဒီလိုပဲ နဂိုက Flat ရေးထားတဲ့ C ဟာ # ထပ်ရေးလိုက်တဲ့အတွက် C Flat ဟာ ပျက်ပြယ်ပြီး C# ပဲဖြစ်သွားပါတယ် (မျှား အပြာရောင်ကိုကြည့်ပါ)။ နောက်တခါ Flat ရေး ထားတဲ့ D ဟာ Natural ရေးလိုက်တဲ့အတွက် D သံ ရိုးရိုးကိုပဲ ပြန်တီးရပါမယ် (မျှား အစိမ်းကိုကြည့်ပါ)။
နောက်တဘားကိုကူးသွားတဲ့ အခါကျတော့ ပထမဘား အစမှာရေးထားတဲ့ E Flat ဟာ အလိုလို ပျက်သွားပြီမို့ E Flat သံကို လိုချင်တဲ့အတွက် Flat တခု ထပ်ရေးထားတာ သတိပြုပါ။

၄။ ချွင်းချက်အနေနဲ့ Accidental ပါတဲ့ Note တွေကို Tie လုပ်ရင် Accidental ထပ်ရေးပြဖို့ မလိုပါဘူး။ နောက်တဘားအထိလဲ အဲဒီ Tie ရဲ့ Value (Duration) မကုန်မချင်း Accidental ဟာ အကျုံးဝင်ပါတယ်။ ဘားပြောင်းသွားပြီး အဲဒီ Note ကို ထပ်တီးခတ်ချင်တဲ့အခါမှသာ Accidental ပြန်ထည့်ပေးရပါတယ်။
တခါတလေတော့ Accidental ကို ကွင်းအတွင်းမှာ ထည့်ပြီး (#) ရေးပြထားတတ်ပါတယ်။ အဲဒါကတော့ ဒီ Note ကို အဲဒီ Accidental အတိုင်း တီးရမယ်ဆိုပြီး ရှင်းအောင် ပြထားတာပါ။ ဒါမျိုးကို Octave တွေပါလာရင် ရှင်းအောင် ပိုသေချာအောင် ထပ်ရေးပြထား တာ ဖြစ်ပါတယ်။ ဒါကို Courtesy Accidental လို့ခေါ်ပါတယ်။
အပေါ်ကပုံမှာ ဆိုရင် ဒုတိယဘားရဲ့ အစမှာ Natural ကို ကွင်းထဲထည့်ပြီး Courtesy Accidental အနေနဲ့ပြထားပါတယ်။ အမှန်ကတော့ နောက်တဘားကို ကူးသွားပြီးဖြစ်လို့ Eb မဟုတ်တော့ဘဲ E သံကိုသာ တီးရတော့မှာဖြစ်ပါတယ်။ Natural ပြန်ပြဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ပိုရှင်းအောင် ပြထားခြင်းဖြစ်ပါတယ်။ မပြရင်လည်း ရပါတယ်။
တခု သတိပြုဖို့က ဥပမာ C# နဲ့ Db ဟာ ရေးပုံကွဲပြားပေမယ့် အလုံးက တလုံးတည်းပါ။ တခါတလေ Scale ရဲ့ လိုအပ်ချက်အရ C ကို Flat တပ်ပြီး Cb လို့လည်းရေးလေ့ရှိပါတယ်။ တီးရမှာက B ပါပဲ။ ဒါမျိုးကို Enharmonic လို့ခေါ်ပါတယ်။ ဒီအခေါ်အဝေါ်လေးကို မှတ်ထားသင့်ပါတယ်။

Accidental တွေကို ရေးတဲ့အခါ၊ ဖတ်တဲ့အခါမှာ မှတ်ရမယ့် စည်းမျဉ်းတွေက နည်းနည်း များတဲ့အတွက် အသေအချာ ရှင်းအောင်၊ နားလည်အောင် လုပ်ထားရပါမယ်။ အခုပြထားတဲ့ စည်းမျဉ်းအားလုံးဟာ အလွန်အရေးကြီးတဲ့အတွက် ကျေကျေညက်ညက် သိထားဖို့ လိုပါတယ်။ နို့မို့ဆိုရင် အလုံးတွေမှားရေးမိ၊ မှားဖတ်မိရင် အသံတွေမှားကုန်မှာ ဖြစ်လို့ပါပဲ။ သေသေချာချာ အချိန်ယူဖတ်ပြီး မှတ်သားထားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

Post a Comment

0 Comments