တိုင်မင် လို့ခေါ်နေကြတဲ့ အဓိက Time Signature နှစ်မျိုးရှိပါတယ်။ Simple Time နဲ့ Compound time လို့ခေါ်ပါတယ်။ အဲဒီ (၂)မျိုးကိုမှ တခုခြင်းစီမှာ Duple, Triple & Quadruple ဆိုပြီး ထပ်ခွဲပါတယ်။ အဲဒီတော့ အခြေခံ တိုင်မင် (၆) မျိုးဖြစ်သွားပါတယ်။ အဲဒါတွေကတော့ -
1) Simple Duple
2) Simple Triple
3) Simple Quadruple
4) Compound Duple
5) Compound Triple, and
6) Compound Quadruple ဆိုပြီးဖြစ်ပါတယ်။
Duple Time တွေဟာ တဘားကို (၂) ချက် အုပ်စုခွဲ ရေတွက်ပါတယ်။ Triple Time တွေဟာ တဘားကို (၃)ချက် အုပ်စုခွဲ ရေတွက်ပါတယ်။ Quadruple Time တွေဟာ တဘားကို (၄)ချက် အုပ်စုခွဲ ရေတွက်ပါတယ်။
ဒီတော့ ကျနော်တို့ သုံးနေကြတဲ့ Time Signature ကိုကြည့်ရင် အပေါ်ပိုင်းမှာ ဂဏန်းတခု၊ အောက်ပိုင်းမှာ ဂဏန်းတခု တွေ့ပါလိမ့်မယ်။ 2/4, 3/4, 4/4, 6/8 စသည်ဖြင့် ပေါ့။ အဲဒီဂဏန်းတွေမှာ အပေါ်က ဂဏန်းအားလုံးဟာ တဘားမှာ (one measure or one bar) ရိုက်ချက် ဘယ်နှစ်ချက် (သို့) ရေတွက်ချက် ဘယ်နှစ်ချက် (no. of beats) ကို ဖေါ်ပြပါတယ်။
အောက်ကဂဏန်းတွေ မှန်သမျှဟာ အဲဒီ ရိုက်ချက် တချက်စီရဲ့ ကြာမြင့်ချိန်တန်ဘိုး သင်္ကေတအမျိုးအစား (Value of note) ကို ဖေါ်ပြပါတယ်။ အဲဒီတန်ဖိုးတွေကတော့
2 = Minim or Half Note
4 = Crochet or Quater Note
8 = Quaver or Eighth Note
16 = Semi-quaver or Sixteenth Note ဖြစ်ပါတယ်။
ဒါကြောင့်မို့ အောက်က ဂဏန်းတွေဟာ Simple Time မှာရော Compound time မှာပါ အမြဲတမ်း စုံ ဂဏန်းတွေသာ ဖြစ်ရပါမယ်။ မ ဂဏန်း လုံး၀ မရှိနိုင်ပါ။ အဲဒါအပြင် အထက်မှာပြခဲ့တဲ့ 2, 4, 8 or 16 ဂဏန်းလေးမျိုးသာလျှင် အမြဲဖြစ်ရပါမယ်။ ပုံသေမှတ်ထားလို့ရပါတယ်။
အဲဒီတော့ တခုချင်းပြန်ကြည့်မယ်ဆိုရင် Simple Time Signature အားလုံးဟာ ပုံမှန် Note များ ဖြစ်တဲ့ Minim, Crochet, Quaver & Semi-quaver တွေသာ ဖြစ်ကြပါတယ်။ အပေါ်ဂဏန်းတွေက Duple ဆိုရင် 2၊ Triple ဆိုရင် 3၊ Quadruple ဆိုရင် ပဲဖြစ်ရပါမယ်။ ပုံသေမှတ်ထားလို့ရပါတယ်။ အောက်ဂဏန်းများကတော့ 2, 4, 8, 16 ထဲက တခုခု သာလျှင် ဖြစ်ရမယ့်အတွက်ကြောင့် -
Simple Duple - 2/2, 2/4, 2/8, 2/16
Simple Triple - 3/2, 3/4, 3/8, 3/16
Simple Quadruple - 4/2, 4/4, 4/8, 4/16
ဆိုတဲ့ Simple Time Signature (၁၂) မျိုး ကိုရပါတယ်။
ဒီတော့ 2/2 ဆိုရင် တဘားမှာ Minim နှစ်လုံးရှိပါတယ်။
2/4 ဆိုရင် တဘားမှာ Crochet နှစ်လုံးရှိပါမယ်။
3/4 ဆိုရင် တဘားမှာ Crochet သုံးလုံးရှိပါတယ်။
4/4 ဆိုရင် တဘားမှာ Crochet လေးလုံးရှိပါလိမ့်မယ် ..
ကျန်တာတွေလည်း ဒီသဘောအတိုင်းပါပဲ။ ဒါကြောင့်မို့ 2/4 ဆိုရင် |1 .. 2 ..| 1 .. 2 .. | ဆိုပြီး တဘားစီ တဘားစီကို ရေတွက်သွားရပါတယ်။ 3/4 ဆိုရင် |1 .. 2 .. 3 ..| 1 .. 2 .. 3 .. |ဆိုပြီး တဘားစီ တဘားစီရေတွက်သွားရပါတယ်။ 4/4 ဆိုရင် 1. 2. 3. 4 လို့ ရေတွက်ရမှာ ဖြစ်ပါတယ်။
Duple Time အားလုံးနဲ့ Triple Time အားလုံးမှာ Accent (ခပ်ပြင်းပြင်းဖိတီးရမယ့် နေရာ၊ ပိုပြီး ပေါ်လွင်အောင်တီးရမယ့် နေရာ) ဟာ အမြဲတမ်း ပထမဦးဆုံး ရိုက်ချက် (First Beat) မှာသာရှိပါတယ်။ Quadruple Time အားလုံးမှာ Accent ဟာ ပထမဦးဆုံး ရိုက်ချက် (First Beat) နဲ့ တတိယ ရိုက်ချက် (Third Beat) မှာ ရှိပါတယ်။
Compound Time Signature တွေကျတော့ အောက်ဂဏန်း အားလုံးဟာ ပုံမှန် Note များ မဟုတ်ဘဲ Dotted Note များဖြစ်ပါတယ်။ ဒါကြောင့် Dotted Minim, Dotted Crochet, Dotted Quaver & Dotted Semi-quaver တွေသာ ဖြစ်ကြပါတယ်။ အောက်ဂဏန်းများကတော့ [B]ပုံသေ [/B]2, 4, 8, 16 ထဲက တခုခု သာလျှင် ဖြစ်ရပါမယ်။
အပေါ်ဂဏန်းအားလုံးဟာ 6, 9 နဲ့ 12 တခုခုသာ ဖြစ်ရပါမယ်။ ဒီအပေါ်ဂဏန်းတွေကျတော့ ပေါင်းစပ်ထားတဲ့ တိုင်မင်ဖြစ်တာကြောင့် Duple ဆိုရင် 6 (3+3), Triple ဆိုရင် 9 (3+3+3), Quadruple ဆိုရင် 12 (3+3+3+3) ဆိုပြီး ဖြစ်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Note တခုကို Dot ထည့်လိုက်ရင် ဒီ Note ဟာ အသံရှိန် တဝက်တိုးသွားပါတယ်။ ဒါကြောင့် မူရင်း Note တန်ဖိုး (အသံရှိန်) ရဲ့ တဆခွဲ ဖြစ်သွားပါတယ် (မမှတ်မိရင် Dotted Notes and Rest အကြောင်းမှာ ပြန်ဖတ်ကြည့်ပါ)။ ကျန်တဲ့ Note သုံးမျိုးအတွက်လဲ ဒီသဘောအတိုင်းပါပဲ။
အဲဒါကြောင့် -
Compound Duple - 6/2, 6/4, 6/8, 6/16
Compound Triple - 9/2, 9/4, 9/8, 9/16
Compound Quadruple - 12/2, 12/4, 12/8, 12/16
ဆိုတဲ့ Time Signature (၁၂) မျိုးဖြစ်လာပါတယ်။ ဥပမာ အနေနဲ့ 6/8 ကိုကြည့်ရင် အောက်ခြေဂဏန်း 8 ဖြစ်လို့ Quaver ဖြစ်ရပါမယ်။ အပေါ်ဂဏန်းက 6 ဖြစ်လို့ (၆) လုံးရှိရပါမယ်။ ဒီတော့ တဘားမှာ စုစုပေါင်း Quaver (၆)လုံး ရှိပါတယ်။ ဒါပေမယ့် Duple ဖြစ်တာကြောင့် အုပ်စု ၂စု (တနည်းအားဖြင့် ရိုက်ချက် ၂ချက်) နဲ့ပဲ ရေတွက်ရမှာဖြစ်တဲ့အတွက် Quaver (၃)လုံး ကို တစု ထားပြီး အုပ်စု (၂)စု ခွဲလိုက်ပါတယ်။ Quaver (၃)လုံး ဆိုတာဟာ Dotted Crochet တခုနဲ့ ညီတာကြောင့် ဒီတိုင်မင်ကို Dotted Crochet (၂)ခု အဖြစ်ရေးပါတယ်။ ရေတွက်တဲ့အခါ တဘားမှာ ပထမ Quaver ၃လုံး အတွက် 1 a a, ဒုတိယ Quaver ၃လုံး အတွက် 2 a a ဆိုပြီးရေတွက်ပါတယ်။ အဲဒီတော့ တဘားလုံးအတွက် ဆိုရင် 1 a a 2 a a ဆိုပြီး ရေတွက်ရပါတယ်။ 1 .. 2 .. 3 .. 4 .. 5 .. 6 ဆိုပြီး ရိုးရိုးလေး ရေတွက်ချင်ရင်လည်း ရပါတယ်။
6/8 ဆိုရင် တဘားမှာ Dotted Crochet (၂) လုံး ရှိပါတယ် (Quaver (၆) လုံးနဲ့ ညီမျှပါတယ်) ။
6/4 ဆိုရင် တဘားမှာ Dotted Minim (၂) လုံး ရှိပါတယ် (Crochet (၆) လုံးနဲ့ ညီမျှပါတယ်) ။
9/8 ဆိုရင် တဘားမှာ Dotted Crochet (၃) လုံး ရှိပါတယ် (Quaver (၉) လုံးနဲ့ ညီမျှပါတယ်) ။
ကျန်တဲ့ Time Signature တွေလည်း ဒီသဘောအတိုင်းပါပဲ။ Compound Time တွေမှာတော့ Dotted Note အားလုံးရဲ့ အစအလုံးမှာ Accent ရှိပါတယ်။
Time Signature အားလုံးကို အောက်က ပုံမှာ ပြထားပါတယ်။
Note တွေကို ရေးတဲ့အခါကျတော့ တတ်နိုင်သမျှ beat တခုစာပြည့်အောင် အစုကလေးတွေ အနေနဲ့ရေးပါတယ်။ ဒီတော့ note တခုဟာ beat တခုရဲ့ တန်ဖိုးထက်ငယ်နေတယ်ဆိုရင် သူတို့ရဲ့ flag ကို မျဉ်းကြောင်းလေး (beam) အဖြစ်ပြောင်းပြီး အဲဒီ note တွေကို ဆက်လိုက်ရပါတယ်။ အောက်ကပုံမှာ ကြည့်ပါ။
အဲဒီလို အုပ်စုဖွဲ့ မရေးဘဲ အပေါ်က ဒုတိယပုံမှာလို flag တွေနဲ့ပဲ လျှောက်ရေးရင် ဖတ်ရတာ မျက်စိအလွန်ရှုပ်တဲ့အပြင် တီးရတာလည်း ခက်သွားပါလိမ့်မယ်။ ပထမပုံမှာလို အုပ်စုဖွဲ့ရေးလိုက်တဲ့အတွက် ဖတ်ရတာ ရှင်းရှင်းလင်းလင်း ရှိတဲ့ အပြင် beat လည်း ပေါ်လွင်သလို တီးရတာလည်း လွယ်သွားပါတယ်။
တကယ်လို့ quaver တွေချည်းပဲ၊ ဒါမှမဟုတ် semiquaver တွေချည်းပဲသာ ရှိမယ်ဆိုရင်တော့ Triple time တွေမှာ အားလုံးကို beam နဲ့ တဆက်တည်း ဆက်ပြီး ရေးလိုက်လို့ရပါတယ်။ Quadruple time တွေမှာတော့ အုပ်စု ၂စု ခွဲရေးလေ့ ရှိတာကို တွေ့ရပါတယ်။ အောက်က ဥပမာမှာ ကြည့်ပါ။
အဲဒီ ပင်မ တိုင်မင်တွေအပြင် ရော့ခ်ဂီတမှာတော့ စည်းကျိုးတိုင်မင်တွေဖြစ်တဲ့ ကိုးလို့ကန့်လန့် တိုင်မင် တွေရှိပါတယ်။ အဲဒါကတော့ 5/4 တို့၊ 7/4 တို့ပါ။ သူတို့တွေကတော့ အပေါ်ဂဏန်းနဲ့ အောက်ဂဏန်း သဘောတရားတူပေမယ့် (ဥပမာ 5/4 ဆိုရင် အပေါ်ဂဏန်း ၅ ဖြစ်လို့ တဘားမှာ ၅ချက်၊ အောက်ဂဏန်း ၄ ဖြစ်လို့ တချက် ဟာ Crochet တခုနဲ့ ညီတာကြောင့် တဘားမှာ စုစုပေါင်း Crochet (၅)လုံး အတွက် 1.2.3.4.5 ဆိုပြီး ရေတွက်ရပါမယ်) Simple Time ရော Compound Time ရော မဟုတ်ဘဲ Broken Time များသာဖြစ်နေတာကိုတွေ့ရပါတယ်။
ဒါလောက်ဆိုရင် Time Signature တွေရဲ့ သဘောတရားကို ခြုံငုံနားလည်ပြီလို့ ထင်ပါတယ်။
0 Comments