Note များ၏ တန်ဖိုး (Value) များ
Note တခုမှာ အောက်ပါပုံအတိုင်း အစိတ်အပိုင်းများ ရှိပါတယ်။ Note head ကတော့ အမြဲရှိပါတယ်။ Stem နဲ့ Flag ကတော့ Note ရဲ့ တန်ဖိုး ပေါ်မူတည်ပြီး လိုအပ်သလို ထည့်ရပါတယ်။ အမြဲထည့်ဖို့ မလိုပါဘူး။
Note တွေရဲ့ တန်ဖိုး (Value) ခေါ် အသံရှိန် (Duration) ကို အောက်က ဇယားမှာ ပြထားပါတယ်။ လုံး၀ ကျေညက်သည်အထိ အလွတ်မှတ်မိနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါကို မမှတ်မိရင် ရှေ့ကို ဆက်သွားလို့ မရတာကြောင့် အလွတ်ကျက်ထားဖို့ အထူး တိုက်တွန်းပါတယ်။ Rest ဆိုတာကတော့ Note ရဲ့ ပြောင်းပြန်ပါ။ Note တလုံးရေးထားရင် သူ့ရဲ့ အသံရှိန်ကုန်တဲ့အထိ နောက်ထပ် Note တလုံးဝင်ရေးလို့ မရပါ။ ဒီလိုပဲ Rest ပြထားရင် အဲဒီ Duration ကုန်သည်အထိ လုံး၀ အသံတိတ်ဆိတ် (silent) နေရပါမယ်။ ဘာအသံမှ မဝင်ရ၊ မတီးရပါ။
အဲဒီတော့ ဥပမာအနေနဲ့ Semi-breve ကိုကြည့်မယ်ဆိုရင် 4 beats ဆိုတာ တွေ့ရပါမယ်။ ဆိုလိုတာက Semi-breve ကို စတင်တီးခတ်တာနဲ့ တပြိုင်နက် Beat တွေကို ၁ ကနေ ပုံမှန် ညီညီညာညာ စတင်ရေတွက်ပြီး ၂ - ၃- ၄ အထိ တခြား ဘာကိုမှ ထပ်မတီးပဲ အဲဒီ Note ရဲ့ သံရှိန်ကိုဆွဲပြီး (sustain လုပ်ပြီး) စောင့်နေရပါမယ်။ Minim ဆိုရင်လဲ ဒီသဘောပါပဲ။ ၁ မှာ တီးပြီး ၂ အထိ ရေတွက် စောင့်ဆိုင်း ရပါမယ်။ Minim Rest ဆိုရင်တော့ အဲဒီ Rest ရေးထားတဲ့ နေရာရောက်တာနဲ့ တပြိုင်နက် 2 beats (၁ - ၂ လို့ ရေတွက်ပြီး) ဘာမှ မတီးပဲ အသံကို သတ်ပြီး (stop or silent လုပ်ပြီး) စောင့်ဆိုင်း နေရမှာ ဖြစ်ပါတယ်။
1 Semi-breve = 2 minims = 4 crochets = 8 quavaers အစရှိသဖြင့် တွက်ချက်ကြည့်လို့ရပါတယ်။ Quaver ကို 8th Note လို့ခေါ်တာဟာ ဒါကြောင့်ပါ။ Semi-breve ရဲ့ (၈) ပုံ (၁)ပုံ ပဲရှိလို့ဖြစ်ပါတယ်။
ဒီ Note & Rest Values တွေဟာ အရေးကြီးတဲ့အတွက် နားမလည်တာ၊ ဒါမှမဟုတ် တခြားမေးချင်တာများရှိရင် ချက်ခြင်း မေးကြစေလိုပါတယ်။
Note များကို staff ပေါ်တွင် ရေးသားပုံ
ဒီ Note တွေကို staff ပေါ်မှာ ရေးသားတဲ့အခါမှာတော့ single line music လို့ခေါ်တဲ့ အသံတသံထဲအတွက် - တနည်းအားဖြင့် Melody သက်သက် (Harmony မပါရှိ)- ကိုသာ ရေးသားတဲ့အခါမှာ အလယ်မျဉ်း (B line) ရဲ့ အောက်ပိုင်းမှာ ရေးတဲ့ Note တွေအတွက် stem ကို Note ရဲ့ ညာဖက်ကနေ အပေါ်ဖက်ကိုဆွဲတင်ရမှာဖြစ်ပြီး အလယ်မျဉ်း (B line) ရဲ့ အပေါ်ပိုင်းမှာ ရေးတဲ့ Note တွေအတွက် stem ကို Note ရဲ့ ဘယ်ဖက်ကနေ အောက်ဖက်ကိုဆွဲချရမှာဖြစ်ပါတယ်။ အလယ်မျဉ်း အပေါ်တည့်တည့်မှာ ရေးတဲ့ Note (Treble staff မှာဆိုရင် B note) အတွက်ကတော့ အပေါ်ဖြစ်စေ၊ အောက်ဖြစ်စေ ကြိုက်ရာဆွဲလို့ရပါတယ်။ သူနဲ့ ကပ်လျက် တွဲရမယ့် Note ရှိရင်တော့ အဲဒီ Note ကို ဆွဲတဲ့ ပုံစံအတိုင်း လိုက်ဆွဲလေ့ရှိပါတယ်။ အောက်က ပုံစံမှာကြည့်ပါ။ ဒီမှာတော့ B note ဟာ C နဲ့ တွဲတဲ့အတွက် C ဆွဲသလိုပဲ အောက်ဖက် ကို ချဆွဲထားပါတယ်။ ဒီပုံစံက Lead Guitar Solo, Violin solo နဲ့ Bass Guitar တွေအတွက် အရေးများပါတယ်။ အပေါ်ဆွဲတဲ့ Note နဲ့ အောက်ဖက်ကို ဆွဲတဲ့ Note ရေးသားပုံဟာ မှားယွင်းလို့မရတာကြောင့် အသေအချာ မှတ်ထားစေလိုပါတယ်။
Multi-line music လို့ခေါ်တဲ့ အသံတသံထက်ပိုပြီး ပြိုင်တူတီးခတ်ရမယ့် Note တွေ အတွက် - တနည်းအားဖြင့် Harmony ပါတဲ့ Note တွေရေးသားတဲ့အခါမှာတော့ Melody line (or Melody part) အားလုံးကို အပေါ်ဖက်ကို ဆွဲတင်ရမှာဖြစ်ပြီး Harmony line (Harmony part) အားလုံးကိုတော့ အောက်ဖက်ကိုဆွဲချရမှာဖြစ်ပါတယ်။ ဒီပုံစံက Classical Guitar Music တွေအတွက် အရေးများပါတယ်။ အောက်က ပုံစံမှာကြည့်ပါ။
ဒီနေရာမှာ တခုသတိပြုရမှာက Flag ပါတဲ့ Note တွေကို ကပ်လျက်တဆက်တည်း ရေးမယ်ဆိုရင် (ပုံစံမှာ Quaver တွေကိုကြည့်ပါ) သူတို့ရဲ့ Flag တွေကို အကွေးအလေးတွေအစား မျဉ်းဖြောင့် “Bar (or) Beam” အဖြစ် ပြောင်းလဲ ရေးသားပြီး Note တွေကို ဆက်လိုက်ပါတယ်။ Time Signature အကြောင်း ရောက်တဲ့ အခါ ထပ်ပြီးရှင်းပါမယ်။ လောလောဆယ်တော့ ဒီအတိုင်းပဲ မှတ်ထားစေလိုပါတယ်။
ဒါပြီးတော့ Note တွေကို ဘယ်လိုရေတွက်သလဲ ဆိုတဲ့အကြောင်းကို ဆက်လက်လေ့လာကြပါမယ်။
ဆက်ပါဦးမယ် ...
0 Comments