Rudiments & Theory of Music (6)


Note များ ရေတွက်ပုံ
အခု ရေးထားတဲ့ music ကို ဘယ်လို ရေတွက် (count) သလဲဆိုတာ စကြည့်ပါမယ်။ အောက်ကပုံစံတွေကိုကြည့်ပါ။
Crochet တွေကို one beat မှာ တလုံးစီအဖြစ် 1 - 2 - 3 - 4 လို့ပဲ ရေတွက်ပါတယ်။ အစပိုင်းမှာတော့ 1 .. 2 .. 3 .. 4 .. လို့ မှန်မှန်လေးဆိုပြီး ခြေထောက်ကနေ လိုက်ရိုက်ပြီး စည်းလိုက်ပါ။ နောက်ပိုင်း ကျွမ်းကျင်သွားရင်တော့ မလိုပါဘူး။
ဒီ 1, 2, 3, 4 ဆိုပြီး ခြေထောက်ကျတဲ့ နေရာတွေကို "on-beat" လို့ ခေါ်ပါတယ်။ ဒီလိုရေတွက်တဲ့အခါ ၁ ကနေ ၄ အထိ ကြားမှာ အချိန်အတိုင်းအတာ အညီအမျှနဲ့ မှန်မှန်စီ ရေတွက်ရမှာဖြစ်ပါတယ်။ မြန်လိုက်နှေးလိုက် မရေတွက်ရပါ။ ဥပမာ ပုံမှန် နှေးနှေးဆိုရင် တစက္ကန့်စီ ပုံမှန်ခြားပြီး ရေတွက်ရပါမယ်။ မြန်ရင်လဲ စက္ကန့်ဝက် ကို တခါ (one beat) အစရှိသည်ဖြင့် ရေတွက်ရမှာဖြစ်ပါတယ်။ ဒါက ဥပမာကို ပြောတာပါ။ သီချင်းရဲ့ အမြန်နှုန်း (Tempo) ပေါ်မူတည်ပြီး ရေတွက်ပုံ အနှေးအမြန်ရှိမှာဖြစ်ပါတယ်။ Tempo ကိုတော့ တစက္ကန့်မှာ Crochet ဘယ်နှစ်လုံး တီးရမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးပြပါတယ်။ ဒီ Tempo ရဲ့ သင်္ကေတ အခေါ်အဝေါ်တွေကို နောက်ပိုင်းမှာ အသေးစိတ် ဆက်ပြီး ရှင်းပါမယ်။

Quaver (one beat တွင် နှစ်လုံးအညီအမျှတီး) တွေကတော့ Crochet ရဲ့ တန်ဘိုး ထက်ဝက်ပဲရှိတဲ့အတွက် Beat တခုစီရဲ့ အကြားမှာ အညီအမျှ ရေတွက်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ချင်ရင်တော့ ခြေထောက်ချတဲ့အချိန်မှာ "1" ခြေထောက်ကြွတဲ့အချိန်မှာ "&" လို့ ရေတွက်ပြီး ကြိုက်ရာ အလုံးကို တီးကြည့်ပါ။ ဒီ Quaver တွေကို ရေတွက်တဲ့ "&" နေရာတွေကို off-beat လို့ခေါ်ပါတယ်။
Semi-quaver (one beat တွင် လေးလုံးတီး) တွေကတော့ Quaver ရဲ့ တန်ဘိုး ထက်ဝက်ပဲရှိတဲ့အတွက် Beat တခုစီရဲ့ အကြားမှာ (၄)လုံးအညီအမျှ ရေတွက်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ချင်ရင်တော့ ခြေထောက်ချတဲ့အချိန်မှာ "1e" ခြေထောက်ကြွတဲ့အချိန်မှာ "&a" လို့ ရေတွက်ပြီး ကြိုက်ရာ အလုံးတွေကို တီးကြည့်ပါ။
Beat တခုမှာ အတွေ့များတဲ့ Quaver နဲ့ Semiquaver combination လေးတွေကို အောက်မှာပြထားပါတယ်။
Note တွေကို ရေတွက်ပုံနဲ့ တီးခတ်ရမယ့် နေရာတွေကို အောက်မှာ နမူနာအနေနဲ့ ပြထားပါတယ်။ Staff ပေါ်မှာ ဒေါင်လိုက်ဆွဲထားတဲ့ မျဉ်းကြောင်းလေးတွေကို Measure ဒါမှမဟုတ် Bar လို့ခေါ်ပါတယ်။ မျဉ်းတကြောင်းနဲ့ တကြောင်းအကြား ဟာ One Measure သို့မဟုတ် One Bar ဖြစ်ပါတယ်။ သီချင်းတပုဒ် ဆုံးသွားတဲ့အခါတိုင်းမှာ ဒေါင်လိုက် မျဉ်း နှစ်ကြောင်းနဲ့ အမြဲ ပိတ်ပေးရပါတယ်။ Time Signature အရ 4/4 Time ဖြစ်လို့ တဘားမှာ ၄ ချက်ရေတွက်ရပါမယ်။ (Time Singature တွေ အကြောင်းရောက်တဲ့အခါ အသေးစိတ် ထပ်ပြောပါမယ်)။
ဒီ Note လေးကို ကြည့်ရင် ပထမဘားရဲ့ 1 မှာ C ကိုတီးမယ်၊ Minim ဖြစ်တဲ့အတွက် 2 အထိ အသံရှိန်ဆွဲထားမယ်။ 3 မှာ C (Crochet)၊ 4 မှာ D။ ဒုတိယဘားရဲ့ 1 မှာ E ကိုတီးမယ်၊ 2 မှာ D၊ & မှာ C။ 3 မှာ B ၊ 4 မှာ A & မှာ G ကိုတီးရပါမယ်။ တတိယဘားရဲ့ 1 မှာ A ကိုတီးမယ်၊ 2 မှာ Crochet Rest ဖြစ်တဲ့အတွက် အသံသတ် (silent) ထားမယ်။ 3 မှာ G (Crochet)၊ 4 မှာ A ကိုတီးရပါမယ်။ စတုတ္ထဘားရဲ့ 1 မှာ B ကိုတီးမယ်၊ Minim ဖြစ်တဲ့အတွက် 2 အထိ အသံရှိန်ဆွဲထားမယ်။ 3 မှာ D (Crochet) နဲ့ 4 မှာ Crochet Rest ဖြစ်တဲ့အတွက် အသံသတ် (silent) ထားရပါမယ်။ ဘာသံမှ ဒီ beat မှာ မရှိရပါဘူး။ နောက်ဆုံးဘားမှာတော့ 1 မှာ C ကိုတီးပြီး Semi-breve ဖြစ်တဲ့အတွက် 4 အထိ အသံရှိန်ဆွဲထားရပါမယ်။ ဒိုရေမီဖာနဲ့ တီးလေ့ရှိသူတွေအတွက် အောက်မှာ နားလည်လွယ်အောင် ရေးပြထားပါတယ်။

4/4 | 1 - 1 2 | 3 21 7 65 | 6 0 5 6 | 7 - 2 0 | 1 - - -||
ဒါလောက်ဆိုရင် Staff ပေါ်က Note တွေကို ရေးတတ်၊ ဖတ်တတ်လောက်ပြီထင်ပါတယ်။ ဒီအထိကို အသေအချာဖတ်ပြီး ကျေကျေညက်ညက်နားလည်ထားဖို့ အရေးကြီးပါတယ်။ အားလုံးကိုလည်း အလွတ်မှတ်မိထားရပါမယ်။ မရှင်းတာရှိရင် ချက်ချင်း မေးစေလိုပါတယ်။ ဒီအဆင့်မှာ အသေအချာ နားမလည်ရင် ရှေ့ကို ဆက်သွားဖို့ ခက်ပါတယ်။ Note တွေကို staff ပေါ်မှာ လက်တွေ့ အရေးကျင့်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီလို ချရေးပြီး မကျင့်ဘူးဆိုရင် international note နဲ့ အကျွမ်းဝင်ဖို့ ခက်နေမှာ ဖြစ်ပါတယ်။

Post a Comment

0 Comments