Rudiments and Theory of Music (8)



Tie, Legato (Slur) and Staccato


ပုံမှန် Note တွေကို နားလည်ပြီးတဲ့အခါ သူတို့ကို မူလတန်ဖိုးထက် ပိုပြီး အသံရှိန် ရှည်အောင် ဆွဲပြီး တီးရတဲ့ သင်္ကေတ တွေ အကြောင်းပြောပါမယ်။
အရင်ဆုံး Tie နဲ့ Legato ကို ကြည့်ပါမယ်။
Tie ဆိုတာကတော့ အသံတူတဲ့ Note (၂)လုံးကို မျဉ်းကွေးလေးနဲ့ဆက်ပေးထားတာပါ။ ဒီလိုဆက်ထားရင် ပထမ Note ကို တီးပြီး မျဉ်ကွေးနဲ့ ဆက်ပြထားတဲ့ ဒုတိယ Note ကို မတီးပဲ အဲဒီ Note ရဲ့ တန်ဖိုးကုန်ဆုံးသည်အထိ အသံရှိန်ကို ဆွဲ ပေးထားရပါမယ်။ သဘောကတော့ Crochet (၂) လုံးကို Tie နဲ့ဆက်ထားရင် ပထမ Crochet ကို သူကျမယ့် Beat မှာ တီးပြီး ကပ်လျက် Beat မှာ ဒုတိယ Crochet ကို မတီးပဲ အဲဒီ Beat ဆုံးတဲ့အထိ အသံရှိန်ဆက်ဆွဲထား (ဂီတာမှာဆိုရင် ဘယ်လက်ကွက်ကို မလွှတ်ဘဲ ဆက်ဖိထား) ရမှာဖြစ်ပါတယ်။ Tie ဟာ အမြဲတမ်း အသံခြင်း ထပ်တူညီတဲ့ Note တွေကိုသာ ဆက်ပါတယ်။ Note (၂) လုံးထက်မကလည်း ဆက်လို့ရပါတယ်။ အဲဒီလိုဆက်ထားရင် အမြဲတမ်း ပထမဆုံး အလုံးကိုသာ အသံထွက်အောင် တီးရမှာဖြစ်ပြီး ကျန်တဲ့ Tie နဲ့ဆက်ထားတဲ့ Note အားလုံးကို မတီးဘဲ အသံရှိန်သာ ဆွဲထားရမှာဖြစ်ပါတယ်။ သဘောကတော့ (၂) လုံးကို Tie လုပ်ထားရင် Semi-breve တလုံးနဲ့ သဘောချင်း အတူတူပါပဲ။ ဒီလိုပါပဲ .. Crochet (၂) လုံးကို Tie လုပ်ထားတာဟာ Minim တလုံးနဲ့ တန်ဖိုးချင်း၊ တီးပုံချင်း အတူတူပါပဲ။ အောက်က ပုံမှာ ပြထားပါတယ်။
ဒါဆိုရင် ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး Tie လုပ်နေမှာလဲ၊ Crochet (၂) လုံးကို Tie လုပ်မယ့်အစား Minim တလုံးတည်း ရေးလိုက်ရင် မပြီးဘူးလား လို့ မေးစရာရှိပါတယ်။ အဲဒီလို ရေးလို့မရတဲ့နေရာတွေရှိပါတယ်။ ဥပမာ ဘားတဘား အဆုံးက အလုံးကို နောက်တဘားရဲ့ အစအထိ အသံရှိန်ဆွဲထားချင်တဲ့အခါမျိုးကျရင် Tie နဲ့ရေးမှရပါတယ်။ ဘားတခုရဲ့ အဆုံးအလုံးက Crochet ကို နောက်ဘားအစက Crochet အထိ အသံရှိန်ဆွဲချင်တဲ့အခါ Minim နဲ့ရေးလို့ မရတော့ပါဘူး။ ရေးလိုက်ရင် အဲဒီ bar ရဲ့ ရှိရမယ့် အလုံးရေထက် ကျော်ထွက်သွားပါလိမ့်မယ်။ အဲဒီလို အခါမျိုးမှာ Tie ကို သုံးရပါတယ်။ Time Signature အကြောင်းကျရင် ပိုရှင်းသွားပါလိမ့်မယ်။ နောက်ပြီး အသံတသံတည်းကို ၃-၄ ဘားလောက် ဆက်ပြီး အသံရှိန်ဆွဲထားချင်ရင်လည်း Tie ကိုသုံးမှ ရမှာပါ။
Legato (အချို့က Legado လို့လဲ ရေးပါတယ်။ Guitar မှာ အများဆုံးသုံးပါတယ်။ Slur လို့လဲ ခေါ်ပါတယ်။) ဆိုတာ ကတော့ အသံမတူတဲ့ Note အနည်းဆုံး (၂)လုံးကို မျဉ်းကွေးလေးနဲ့ဆက်ပေးထားတာပါ။ ဒီလိုဆက်ထားရင် ပထမ Note ကို တီးပြီး မျဉ်ကွေးနဲ့ ဆက်ပြထားတဲ့ ဒုတိယ Note ကို မတီးပဲ အဲဒီ Note ရဲ့ အလုံးရှိတဲ့နေရာကို ချောချောမွေ့မွေ့လေး ရောက်သွားအောင် ဂီတာလက်ကွက်ပေါ်မှာ ဖိထားတဲ့လက်ကို မကြွဘဲ ပွတ်တိုက်ရွှေ့ခြင်း (slide or gliss)၊ ဒါမှမဟုတ် အသံမြင့်ရာကိုပြရင် နောက်လက် တချောင်းနဲ့ လှမ်းဖိလိုက်ခြင်း (hammer-on) (သို့မဟုတ်) အသံနိမ့်ရာကိုပြထားရင် ဒုတိယအလုံးရှိတဲ့ နေရာကိုပါ ပြိုင်တူအရင်ဖိထားပြီး ပထမအလုံးကိုတီးပြီးမှ အဲဒီ ပထမအလုံးကို ဖိထားတဲ့ လက်ချောင်းကို ကြွလိုက်ခြင်း (ဒုတိယအလုံးနေရာကို ဖိထားတဲ့ လက်ကို မလွှတ်ရပါ) (pull-off) တို့ကိုလုပ်ရမှာ ဖြစ်ပါတယ်။ Piano မှာတော့ ပထမအလုံးကို လက်မလွှတ်ဘဲ ဖိထားရင်း နောက်အလုံးကို ဆက်တီးလိုက်တာပါ။ ဒီလို Legato လုပ်ရင် အသံဟာ ချောချောမွေ့မွေ့ လှလှပပလေးထွက်လာပါတယ်။ အောက်က နမူနာပုံစံကိုကြည့်ပါ။ Beat 1 နဲ့ 2 ဟာ Tie ဖြစ်ပြီး Beat 3 နဲ့ 4 က အလုံးတွေဟာ Legato ဖြစ်ပါတယ်။
ဒီ Note တွေကို ဂီတာနဲ့တီးကြည့်ရင် 1 မှာ G ကိုတီးပြီး 2 မှာ မတီးပဲ လက်ကိုဆက်ဖိထားပြီးအသံရှိန်ဆွဲထားရပါမယ်။ 3 က A note ကိုတီးပြီး & မှာ မတီးပဲ G ကို လက်နဲ့ ဖိထားပြီးမှ A ကို နှိပ်ထားတဲ့ လက်ကို ကြွလိုက်ရမှာ (pull-off) ဖြစ်ပါတယ်။ 4 မှာ A note ကိုတီးပြီး & မှာ မတီးပဲ B Note ကို လက်နဲ့ လှမ်းပေါက်လို့ပဲဖြစ်ဖြစ် (Hammer-on)၊ A ကို ဖိထားတဲ့လက်ကို မကြွဘဲ B Note ကိုရောက်တဲ့အထိ ဖိဆွဲသွားပြီးပဲဖြစ်ဖြစ် (slide or gliss) လက်အဆင်ပြေသလို တီးရမှာဖြစ်ပါတယ်။ နောက်တဘားက 1 မှာ C ကိုတီးပြီး 2-3-4 အထိ အသံရှိန် ဆွဲထားရမှာဖြစ်ပါတယ်။

Staccato and Tenuto
Staccato ဆိုတာကတော့ အသံပြတ်ပြတ် တီးရမယ့် Note တွေပါ။ တီးပြီးတာနဲ့ ချက်ချင်း ဘရိတ်ဖမ်းပြီး အသံရှိန်ကို သတ်ပြီး တီးရမှာဖြစ်ပါတယ်။ သူတို့ကို ရေးတဲ့အခါ Note တွေရဲ့ အောက်တည့်တည့် ဒါမှမဟုတ် အပေါ်တည့်တည့်မှာ အစက် (dot) လေးတွေထည့်ပြီးရေးထားရပါတယ်။
မျဉ်းတို (dash) လေးတွေနဲ့ ရေးပြထားရင်တော့ Tenuto လို့ခေါ်ပါတယ်။ အဲဒါဆို အဲဒီ Note ရဲ့ တန်ဖိုး (အသံရှိန်) အပြည့်တီးရပါမယ်။ နည်းနည်းလည်း ပိုပြီး ဖိတီး (stress or emphazie) ရပါတယ်။ Sostenuto လို့လည်း ခေါ်ပါတယ်။

Post a Comment

0 Comments